ကင်းလိပ်ချောနှင့်တနေ့တာ
10 comments
တစ်နေ့ကပေါ့။ ကိုယ်ကမှနေမကောင်းလို့ အိမ်အပေါ်ထပ်မှာ မှိန်းနေတုန်း လက်ပေါ်ကို အကောင်တစ်ကောင်ဖြတ်သွားတဲ့ အသိကို ခံစားမိလိုက်လို့ မျက်လုံးကိုဖျတ်ကနဲဖွင့်ကြည့်လိုက်မိတယ်။ အားလာလာ... ကင်းလိပ်ချောတစ်ကောင်ပါလား။
ဝုန်းကနဲထခုန်လိုက်မိတယ်။ ဖျားနေလို့ အသံတောင် ယဲ့ယဲ့ပဲ ပြောနိုင်တဲ့ကိုယ့်မှာ အော်လိုက်တာဆိုတာ အောက်မှာရှိနေတဲ့ မိသားစုဝင်တွေအကုန် မျက်ကလူးဆန်ပြာနဲ့ပြေးတက်လာပြီး
ဘာဖြစ်တာလဲနဲ့ အလန့်တကြားမေးရတဲ့ထိပဲ။

သူတို့ရောက်လာတော့ ကင်းလိပ်ချောတွေ့လို့အော်တာလို့ပြောမိတော့ အားလုံးကဝိုင်းဆူကြတယ်။ ဆူလဲဆူ သူ့လဲဖမ်းဖို့ ပြင်ကြပေါ့။ ကိုယ်တော်ချောကိုကြည့်လိုက်တော့ ဘီဒိုဒေါင့်ကနေ ကိုယ့်ကိုကြည့်နေတာများ ပြောင်ပြသလိုခံစားရတယ်။
လာခဲ့စမ်းဆိုပြီး အဝေးကနေသနပ်ခါးတုံးနဲ့ထုတာ ဆရာသမားက မရှောင်ရင်လွတ်တယ်ဆိုတဲ့ သီအိုရီကို လက်ကိုင်ထားပုံရတယ်။ တုပ်တုပ်တောင်မလှုပ်။ တူအကြီးကောင်ရောက်လာတော့ နည်းနည်းဖြုံသွားပုံရတယ်။ မဖြုံလို့မရဘူးလေ။ ဟိုက ဖုန်စုပ်စက်နဲ့စုပ်ဖမ်းတာ။ ငလူးကောင်က ဒါကျတော့ သေတ္တာ ကြားဝင်ပုန်းနေတာ ထွက်မလာတော့ဘူး။
ခနကြာတော့ တူအကြီးကောင်လည်း လက်လျော့ပြီး အောက်ဆင်းသွားတယ်။ ကိုယ့်ကိုလည်း မကြောက်ဖို့နဲ့ သူမှာခြေထောက်ပါလို့ ပြန်ထွက်သွားမှာဖြစ်လို့ စိတ်အေးအေးနဲ့ ပြန်အိပ်ဖို့ပြောတယ်။
မအိပ်နိုင်ဘူးလေ။ တော်ကြာ စောင်ကြားတွေထဲဝင်နေရင် ဘယ်နှယ့်လုပ်မလဲတွေးပြီး လူကအော်တိုအိမ်အောက်ရောက်သွားတယ်။
ညနေကျ တူအငယ်ကောင်ကိုဖုန်းဆက်ပြီး ကင်းလိပ်ချောကို နှိမ်နှင်းဖို့ခေါ်တာပေါ့။ လာပြီလေ။ ရောက်ရောက်ချင်း သူပုန်းနေတဲ့သေတ္တာကြားကိုရှာ။ တွေ့ပါပြီဆရာသမား။ ခုထိမပြေးဘူး။ တူငယ်ကသံပိုက်လုံးနဲ့ ကင်းလိပ်ချောအပေါ်ကနေ ဖိထားပြီး နောက်ထပ်သံပိုက်တစ်ချောင်းနဲ့ ခေါင်းကိုညှပ်ဖိလိုက်တာ။
ဟော.... ကြွသွားရော။
အဲ့ခါကျမှ သေတ္တာကြားကနေအကောင်ကိုထုတ်လာပြီး ရော့ အဲ့မယ်ဆိုပြီးပြတာ။ အမလေး သေပြီလို့သိတာတောင် သူ့ကိုအနားကပ်ပြီးဓာတ်ပုံမရိုက်ရဲဘူး။ အဝေးကနေပဲ လှမ်းရိုက်ရတယ်။ ကင်းလိပ်ချောကိုသတ်ပေးတဲ့တူတော်မောင်ကိုတော့ ကျေးဇူးတင်လွန်းလို့ ဆင်တစ်ကောင်မုန့်ဖိုးပေးလိုက်တယ်။
နို့မို့ ကောင်းကောင်းအိပ်ပျော်မှာမဟုတ်ဘူး။ သူ့ကြောက်လို့လေ။

@nweoomon
26-8-2021

Comments