ဝါဆို၊ ပြာသို နှင့် ကြွတ်ကြွတ်အိတ်။
4 comments
"နီးဖို့ ဆိုရင် ဝါဆိုတောင်မှ
ပြာသို အနားမှာ ကပ်လို့ထားချင်"
အဆိုတော်ကြီး ဒေါ်မာမာအေး ရဲ့ သီချင်းသံကို
ကြားဖူးသည်။ တူနှစ်ကိုယ်နီးဖို့ ဝါဆိုကို ပြာသို အနား
ကပ်ထားချင်သတဲ့။ ကျွန်တော်ကတော့ အဲ့စာသား
ကို အဲ့သလို ဘာသာပြန်ထားတာ။ သီချင်းစာသား
ရေးသူကတော့ မည်သို့သော အကြောင်းကို ရေးသား
ထားသည်မသိပေ။ ဘာကြောင့် ဝါဆိုကို ပြာသို
အနီးမှာ ထားချင်တာပါလိမ့်။ ကြားမှာ ငါးလ
ခြားထားသည်။ ဝါဆို နဲ့ ပြာသို က ကာရံညီလို
များ ရေးသလား။ နို့မဟုတ် မတော် တတော်
နတ်တော်လကို ကျော်ချင်လို့လား။

ဘာရယ်မဟုတ်ပါဘူး ယနေ့ ပိုစ့်ရေးတင်ရမည့်ရက်။
ဘာရေးရမှန်းမသိ။ Hive ဈေးက ကျ၊ စားရေးဖို့က
စဉ်းစားမရ ဆိုသလို။ ဘာရေးရမလဲ တွေးစမ်း။
ဟော့ ရပါပြီ။ ပြီးခဲ့သော တနင်္လာနေ့က အကြောင်း
ရေးရပါအုံးမည်။ ကျွန်တော်သည်ပင် တနင်္ဂနွေ
နေ့တိုင်း အမှိုက်ကောက်သည့် ပိုစ့်မတင်ဖြစ်တော့ပေ။
အိမ်ခြံ ဝင်းအတွင်း/အပြင် မှာရှိသော
ကြွတ်ကြွတ်အိတ်များကို တနင်္ဂနွေနေ့တိုင်း
ကောက်ယူပြီး ပိုစ့်တင်ခဲ့သည်။

ယခု အဆိုပါ ကြွတ်ကြွတ်အိတ်အကြောင်း ရေးရပါ
အုံးမည်။ ပြီးခဲ့သော တနင်္လာနေ့က ကျွန်တော်
ဈေးသွားဝယ်သည့် ဈေးမှာ ကြွတ်ကြွတ်အိတ်
မသုံးရဟု လော်ဖြင့် အော်နေသည်။ သုံးနေကျ
အိတ်ကို မသုံးရတော့ ရောင်းသူ၊ ဝယ်သူ
အနည်းငယ် အခက်တွေ့ကျသည်။ သူတို့
စည်းမျဉ်းထုတ်သည်က ဈေးအတွင်း ဈေးရောင်းသူ
များအတွက်သာဖြစ်ပေသည်။
ဈေးပြင်ပမှာ ရောင်းသော လက်ဘက်ရည်
နှင့် အခြားရောင်းသူများကတော့ ကြွတ်ကြွတ်အိတ်
အသုံးပြုကြသည်။ ဒီတော့ ဈေးအတွင်း
ရောင်းသူ/ ဝယ်သူများမှ ပြောဆိုသံကို ကြားရသည်။
"ဒင်းတို့ကလည်း ကြွတ်ကြွတ်အိတ် မသုံးရဘူးသာ
ပြောထာ။ ကြွတ်ကြွတ်အိတ်ထုတ်တဲ့ စက်ရုံတွေကို
တော့ မပိတ်ခိုင်းဘူး၊ အံ့ဩစရာကောင်းပ"
ပြောလည်း ပြောစရာပင်။ ဟုတ်ပေသား
မသုံးစေချင် မထုတ်စေနဲ့ပ။ ကြွတ်ကြွတ်အိတ်
မသုံးတဲ့နေ့ကလည်း တနင်္လာနေ့ တစ်ရက်သာ
ဖြစ်ပေသည်။ ကျန်ရက်များမှာ သုံးမြဲအတိုင်း
သုံးကြသည်။ ဆိုတော့ ဘယ်လိုများ ပြောရပါ့။

ကြွတ်ကြွတ်အိတ် ဆိုသည်က သိတော်မူကြသည့်အတိုင်း နေရာတကာ သူမပါမဖြစ်ဆိုသလို။
မနက်ခင်း မျက်နှာသစ်ပြီးသည့်နှင့် မနက်စာ
အတွက် အပြင်ထွက်ဝယ်သည်။ လက်ဘက်ရည်၊
မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲနှင့် အခြား စားစရာ
များကို ဝယ်ယူသည့်အခါ လက်ဗလာဖြင့် သွား
ဝယ်ယူကြသည်။ အဲ့သည်မှာ ကြွတ်ကြွတ်အိတ်
နဲ့ တွေ့တော့သည်။
ဟော့ မနက်စာ စားသောက်ပြီးတော့ နေ့လည်စာ
အတွက် ချက်ပြုတ်ဖို့ ဈေးသွားကြသည်။
အဲ့သည်မှာလည်း အချို့ အိမ်ရှင်မ/ထီးများက
အလွယ်တကူပင် ဈေးခြင်းမယူပဲ ဈေးဝယ်
ထွက်သူလည်းရှိသည်။ ဈေးဝယ်ပြန်လာတော့
လက်ထဲမှာ ကြွတ်ကြွတ်အိတ် ဆိုက်ကြီး၊ ဆိုက်သေး
ဖြင့် တပွေ့တပိုက်ဝယ်ယူလာသည်။ ကြွတ်ကြွတ်အိတ်
သည်က လူတို့နဲ့ တသားတည်း ဆိုသလို ဖြစ်နေပေသည်။
ယနေ့မှာတော့ ခြံအတွင်း အပြင်ရှိ
ကြွတ်ကြွတ်အိတ်များကို လိုက်လံကောက်ယူကာ
ပိုစ့်တင်လိုက်ပါအုံးမည်။
@htwegyi
August 21, 2025

Comments