Waivio

မန်း လမ်းများ၏ အာမေဋိတ်။

0 comments

htwegyi8 months ago

ညက တော်တော်နဲ့ အိပ်မပျော်ဘူး။ ပူပါတယ်ဗျာ
အညာနွေက ဆိုသလို။ မိုးလေးကျတော့
အပူသက်သာသည်။ သို့သော် ငလျင်ဘေးသင့်
သူများအတွက်တော့ မိုးက အဆင်မပြေပါ။
ယနေ့ အမေ့အတွက် မန္တ‌လေးဘူတာကြီးသို့
ပင်စင်သွားထုတ်သည်။ ယခင်လများက
နံနက် ဆယ်နာရီခန့် အချိန်မှာ ပင်စင်သွားထုတ်သည်။
ယနေ့တော့ မနက်ရှစ်နာရီက
သွားလိုက်သည်။ နို့မို့ နေကြီးက ပူပါဘိနဲ့။

မနက်ရှစ်နာရီ ပင်စင်ထုတ်အသွား အိုးဝေပေါ်
မှ နေ၍ အမေ့ကို ငလျင်ဒဏ်ထိ အဆောက်အဦ
များကို ပြသသည်။ အမေ့က အံ့ဩစွာ၊ နှမြောစွာ၊
စိတ်မကောင်းစွာဖြင့် တအင်းအင်း တအဲအဲ
အသံပြု၍ လိုက်ပါလာသည်။ ပင်စင်ထုတ်ပြီးမြို့ထဲက
အပြန်မှာတော့ ကားလမ်းများက ကြပ်နေသည်။
မနက်ရှစ်နာရီကျော်မှ မနက်ကိုးနာရီကျော်ထိ
မြို့ထဲနှင့် မြို့ပြင် အဝင်အထွက်လမ်းများက
အမြဲတမ်း ယာဉ်ကြောပိတ်လျှက်ရှိတတ်သည်။

ထိုကြောင့် မနက်ပိုင်းစောစောသွားနိုင်လျှင်
ကောင်းသလို။ ဆယ်နာရီ ကျော်မှ သွားနိုင်လျှင်လည်း
ယာဉ်ကြောလမ်းများ ပိတ်ခြင်းမှ ကင်းဝေး
ပေမည်။ ယခုတော့ ကျွန်တော်တို့သည် အသွားမှာ
ယာဉ်ကြောပိတ်ခြင်း လွတ်သော်လည်း အပြန်မှာ
အနည်းငယ် လမ်းပိတ်ခြင်း ခံရသေးသည်။
ဒါတောင် မြို့ထဲရှိ အချို့သောလုပ်ငန်းများက
ပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေးပေ။

ငလျင်ဒဏ်ကြောင့် မန္တလေးနေလူထုအဖို့
အတော်လေး ခက်ခဲကြရသည်။ ပြန်လည်
ရုန်းထဖို့ အတော်အားယူကြရပေအုံးမည်။
ယခင်က မန္တလေး၏ အရှေ့ပြင်နှင့် တောင်ပြင်
အရပ်များရှိ လမ်းမကြီးများသည်။ မနက်ပိုင်းနှင့်
ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန် အမြဲတမ်း
ယာဉ်များဖြင့် လမ်းကြောင်းပိတ်နေတတ်သည်။
ဆိုင်ကယ်များ၊ ကားများဖြင့် ဟွန်းသံများပေးကာ
လမ်းတောင်းသံ ဆူညံညံအသံများနဲ့ စည်ကား
ခဲ့သည်။

ယခုတော့ ထို ဆူညံ ဟွန်းသံများက ရာခိုင်နှူန်း
မည်မျှ လျော့နည်းသွားသည်ကို အဆိုပါယာဉ်များ
၏ ဝန်ကို ထမ်းရွက်ခဲ့သော ကားလမ်းမကြီးများက
ပိုမိုသိမှာပါလေ။ ငါ့အပေါ်မှာ ဆူဆူညံညံ အသံတွေ
အတော်နည်းသွားသဟဟု လမ်းမကြီးက စကား
ပြောတတ်ပါလျှင် ပြောနေပေမည်။ ယာဉ်များ၏
ဆူညံသံများအစား သူအပေါ်သို့ ဝုန်းကနဲ့
အုန်းကနဲ့ ကျောက်တုံးကျောက်ခဲများ၏ ပြုတ်ကျသံ
အချို့ကို အံ့ဩစွာဖြင့် အာမေဋိတ်ပြုကာ နေရှာ
လေမလား။

@htwegyi
April 23, 2025


Comments

Sort byBest